ဦးမောင်မောင်စိုး၏ ပိုစ့်မှ ကူးယူဖော်ပြထားပါသည်။
AA ဆိုသည့် အမည်သည် ယခုနှစ်ပိုင်းများတွင် လူသိများသည့် နာမည်ဖြစ်သည်။ အကောင်းပြောသူရော၊ အဆိုးသူပြောသူရော၊ ထောက်ခံသူရော၊ ဝေဖန်တိုက်ခိုက်သူကော များပြားသည်။ မည်သို့ဆိုစေ ရေပန်းစားလူသိများသည့် အမည်တခုဖြစ်သည်ကတော့ သေချာသည်။
၁၉၄၇ ခုနှစ်မှစ၍ ရခိုင်တွင် လက်နက်ကိုင်ပုန်ကန်မှုများစတင်သည်။ အဖွဲ့များစွာပေါ်ခဲ့သည်။ အချို့အဖွဲ့များ ပျက်သုဉ်းသွားသည်။ အချို့အဖွဲ့များ အင်အားချီးနည်း သွားသည်။ ရခိုင်လက်နက်ကိုင်ပုန်ကန်မှုများထဲတွင် နောက်ဆုံးမှပေါ်လာသည့် AA ကတော့ ယနေ့ မားမားရပ်တည်နိုင်လာခဲ့သည်ဖြစ်ရာ အများကအသိမှတ်ပြုကြရသည်ကို တွေ့ရသည်။
AA ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် KIO/KIA ဌာချုပ်ရှိရာ လိုင်ဇာတွင် စတင်ဖွဲစည်းသည်။ ကိုထွန်းမြတ်နိုင်နှင့် ဒေါက်တာညိုထွန်းအောင်တို့ဦးစီးပြီး လူ ၃၀ မပြည့်သောအင်အားဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ထိုစဉ်ကာလက လူအင်အားအရ မလောက်လေး မလောက်စားအရွယ်အစားဟု မှတ်ယူခဲ့ကြပြီး သူတို့၏ လုပ်နိုင်စွမ်းကို မြင်နိုင်ခြင်းမရှိခဲ့သေးပေ။ AA တည်ထောင်သူများ၏ ကြိုးပမ်းမှုကြောင့် ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် AA သည် ရခိုင်လူထုကြား ရေပန်းစားသော အဖွဲ့အစည်းတခုဖြစ်လာသည်။ ရခိုင်လူထု၏ ပါဝင်မှု ၊ ထောက်ခံမှု၊ အားပေး ကူညီမှု ၊ ထောက်ပံ့မှု ကောင်းစွာရရှိခဲ့သည်။ ထို့အတူ လေ့ကျင့်ပြီး တပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်နှင့် ရှမ်းမြောက်တွင် သူ၏မဟာမိတ်များဖြစ်ကြသော KIA / TNLA / MNDAA တို့နှင့်ပူးတွဲ၍ တိုက်ပွဲဝင်ပြီး စစ်ရေးအတွေ့အကြုံများရယူနိုင်ခဲ့သည်။ တချိန်တည်းတွင်လည်း ရခိုင်သို့ လူလက်နက်များ တစ်စတစ်စ စေလွှတ်ပေးပို့ခဲ့ရာ ၂၀၁၅ မှစ၍ ရခိုင်တွင် အစိုးရတပ်နှင့် AA တို့၏တိုက်ပွဲများကို စတင်တွေ့ရှိရသည်။ ထို့ပြင် လက်နက်ကိုင်တပ်ဖွဲ့အနေနှင့်သာဖွဲ့ထားသော AA ခေါင်းဆောင်များသည် နိုင်ငံရေးအရ စည်းရုံးလှုပ်ရှားရန် United League of Arakan ( ULA) ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်အား ၂၀၁၅ ခုနှစ် စတင်ဖွဲ့စည်းခဲ့သည်။ လက်နက်ကိုင် တပ်ဖွဲ့စည်းရုံးရေးအပြင် နိုင်ငံရေးစည်းရုံးရေးပါ လုပ်ဆောင်လာခဲ့သည်။
၂၀၁၇ ခုနှစ် AA တပ်ဖွဲ့တွင် လေ့ကျင့်ပြီး လူအင်အား ၅၀၀၀ ထိ ရှိလာခဲ့သည်။ တဖက်က အရှေ့မြောက်ဒေသတွင်ဆက်လက်လေ့ကျင့်မှုများပြုလုပ်နေရင်း AA တပ်ဖွဲ့ဝင်အများအပြားနှင့် လက်နက်ခဲယမ်းများကို ရခိုင်သို့စေလွှတ်ပေးပို့ခဲ့သည်။ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် AA အင်အား ၄၀၀၀ ခန့် ရခိုင်မြောက်ပိုင်းနှင့်ဆက်စပ်နေသော အိန္ဒိယ / ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ပလက်ဝမြို့နယ်တွင် စုဖွဲ့ရောက်ရှိနေသည့် သတင်းပေါ်လာပြီးနောက်ပိုင်း ၂၀၁၉ / ၂၀၂၀ ခုနှစ်များအတွင်း AA နှင့် အစိုးရတပ်များအကြားပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်။ အစောပိုင်းကာလက ပလက်ဝဒေသတွင်သာ တိုက်ပွဲများဖြစ်ပွါးရာက အချိန်တိုအတွင်း ရခိုင်မြောက်ပိုင်းတခွင်လုံးအား ပျံ့နှံ့သွားသည်။
တပ်ကလည်း ရခိုင်ပြည်နယ်ရှိ နပခ၊ ဒကစ၊ စကခ ၃ ခုအပြင် ခြေမြန်တပ်မ အနည်းဆုံး ၅ ခုခန့်ထိ အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်ခဲ့သည်။ လက်နက်ကြီးနှင့်လေကြောင်းပစ်ကူတို့ အင်ပြည့်အားပြည့် အသုံးပြုခဲ့သည်။ ထို့ပြင် မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်ကြောင်းများအတွင်း ရေတပ်မှ စစ်သင်္ဘောများအသုံးပြု၍ ရေကြောင်းစစ်ဆင်ရေးပြုလုပ်ခဲ့သည်။
သို့သော် AA ၏တပ်ဖွဲ့အင်အားလျော့မသွားဘဲ တိုးလာနေသည့်အပြင် လှုပ်ရှားစစ်ဆင်သည့် နယ်မြေပိုကျယ်လာသည်။ ရက် ၄၀ ကျော်ကြာမြင့်သည့် မီးဝတိုက်ပွဲကဲ့သို့ တိုက်ပွဲကြီးများစွာ တိုက်လာသည်ကိုတွေ့ရသည်။ မြစ်ကြောင်းအား ရေတပ် စိုးမိုးထားသော်လည်း AA က မြစ် လက်တက်၊ ချောင်းလက်တက်များအား အသုံးပြုလှုပ်ရှားကြသည်။ ထူထပ်သော ရခိုင်တောတောင်များကြား လှုပ်ရှားခဲ့ကြသည်။
ပြင်းထန်သော စစ်ပွဲများအတွင်း နှစ်ဖက်အကျအဆုံးအား တရားဝင်ထုတ်ပြန်သည်ကို မတွေ့ရသော်လည်း အနည်းဆုံ ထောင်ချီ၍ ကျဆုံးဒဏ်ရာရမည်ဟု ခန့်မှန်းရသည်။ ၂ နှစ်ကြာ စစ်ပွဲများအတွင်း အရပ်သားသေဆုံးမှု ၃၀၀ ကျော်၊ ဒဏ်ရာရရှိသူ ၇၀၀ ကျော်ရှိခဲ့သည်။ ကျေးရွာအချို့ စစ်ဘေးသင့်ပြီး ထွက်ပြေးခဲ့ရသည်။ အိမ်ခြေထောင်နှင့်ချီ၍ မီးလောင်ပျက်စီးခဲ့ရသည်။ စစ်ဘေးဒုက္ခသည် ၂ သိန်းခွဲခန့်ရှိလာခဲ့သည်။ AA နှင့်ဆက်သွယ်သည်ဟုဆိုပြီး အကြမ်းဖက်ပုဒ်မဖြင့် လူပေါင်း ၅၀၀ ထက်မနည်းဖမ်းဆီးထိမ်းသိမ်းခံရသည်။ ထိုစစ်ပွဲများအတွင်း AA သည် နယ်မြေများ ထိန်းချုပ်လာနိုင်ပြီး ၂၀၁၉ နှစ်ကုန်ပိုင်းမှစ၍ APA – Arakan People’s Authority ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ဖွဲ့စည်း၍ နယ်မြေအုပ်ချုပ်ရေးပါ ဆောင်ရွက်လာခဲ့သည်။ ရက်စက်ပြင်းထန်သောစစ်ပွဲအရှိန်မြင့်လာပြီးနောက် ၂၀၂၀ မတ်လအတွင်း AA အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် NLD အစိုးရက ကြေညာခဲ့ပြီး AA အားတိုက်ခိုက်နေကြသော စစ်ဖက်ဆိုင်ရာ အရာရှိစစ်သည်များအား NLD အစိုးရခေါင်းဆောင်က ချီးကျူး ဂုဏ်ပြုခဲ့သည်။
၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲအပြီး နိပွန်ဖေါင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါ၏ ညှိနှိုင်းမှုအရ တပ်နှင့် AA ကြား ရုတ်တရ အပစ်အခတ်ရပ်စဲခဲ့သည်။ နှစ်ဖက်အကြောင်းပြသည်မှာ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပရန်ဟုဆိုသော်လည်း သီးခြားရည်ရွယ်ချက်များရှိပုံရသည်။ တပ်အဖို့ပြောလျှင် ရခိုင်တွင် စစ်ပွဲရပ်၊ စစ်အင်အားလျှော့ချပြီး ပြည်တွင်းနိုင်ငံရေး ရည်ရွယ်ချက်အား အကောင်အထည်ဖေါ်ရန်ပြင်ဆင်ခြင်းဖြစ်သည်ကို နောက်ပိုင်းတွင် တွေ့ရသည်။ AA အဖို့ပြောလျှင်လည်း ၂ နှစ်တာစစ်ပွဲရင်ဆိုင်ပြီးနောက် တပ်နှင့်ဒေသကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ပုံရသည်။ ထို့ပြင် ၂၀၁၉ ” မုန်တိုင်းကြားမှာဖြတ်သန်းကြ” ဟုသည့်ကြွေးကြော်သံနှင့် ” ၂၀၂၀ အာရကန်အိပ်မက်” အား အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ပြီး ရခိုင်တွင် ခြေကုပ်ကောင်းစွာရယူနိုင်ခဲ့ပြီးဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲကို ဖြတ်သန်းရင်ဆိုင်ပြီး တပ်နှင့်ဒေသကို ပြန်လည်တည်ဆောက်ရန် AA အတွက် အချိန်တခု လိုအပ်ပုံရသည်။
ပြင်းထန်သော ရခိုင်စစ်ပွဲအတွင်း AAအတွက် အားသာချက်မှာ ရခိုင်လူထု၏ အားကောင်းသော ထောက်ခံမှုနှင့် AA အပေါ်ထားရှိသော ကြီးမားသော မျှော်လင့်ချက်ကြောင့်ဖြစ်သည်။ ရခိုင်ပြည်ရှိလက်နက်ကိုင်တိုက်ပွဲများအတွင်း စစ်ဝတ်စစ်စားအပြည့်အစုံ၊ စစ်လက်နက်အပြည့်အစုံနှင့် အားကောင်းမောင်းသန်ရှိသော AA လက်နက်ကိုင်တပ်ဖွဲ့ပေါ်ပေါက်လာခြင်းသည် ရခိုင်လူထုအတွင်း ကြီးစွာသောဂယက်ရိုက်ခတ်မှုဖြစ်စေသည့် စိတ်လှုပ်ရှားစရာ ကိစ္စကြီးတခုဖြစ်ခဲ့သည်။
ULA/ AA ခေါင်းဆောင်မှု
ULA ဥက္ကဌနှင့် AA စစ်ဦးစီးချုပ်တာဝန်အား ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတာဝန်ယူပြီး ULA အတွင်းရေးမှူးနှင့် AA ဒုစစ်ဦးစီးချုပ်တာဝန်အား ဗိုလ်မှူးချုပ်ညိုထွန်းအောင်ကတာဝန်ယူသည်။ AA ခေါင်းဆောင်ပိုင်းတွင် ဗိုလ်မှူးကြီးကျော်ဟန်နှင့် AA ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ဦးခိုင်သုခ တို့အား လူသိများသည်။ အခြားခေါင်းဆောင်နှင့်တာဝန်များအား ထုတ်ဖေါ်ကြေညာခြင်းမရှိပါ။
ULA/AA တပ်ဖြန့်ခွဲထိမ်းချုပ်မှု
ကုလားတန်မြစ်ဖျား ပလက်ဝဒေသမှသည် ရခိုင်မြောက်ပိုင်း မယူမြစ်ဝှမ်း၊ ကုလားတန်မြစ်ဝှမ်း၊ လေးမြို့မြစ်ဝှမ်း၊ အမ်းတောင်တန်း၊ ကျောက်ဖြူ ၊ ရမ်းဗြဲ ၊ တောင်ကုတ်ဒေသများအားဖြန့်ကျက်စိုးမိုးထားသည်။ သံတွဲ၊ ဂွဒေသများသို့ ထိုးဖေါက်လှုပ်ရှားသည့် မြေပြင်သတင်းများလည်း ကြားရသည်။ AA လက်နက်ကိုင်လှုပ်ရှားမှုမရှိသည့်မြို့မှာ မာန်အောင်ကျွန်းသာ ရှိပုံရတော့သည်။ မာန်အောင် ပင်လျှင် ULA ထိုးဖေါက်မှု ရှိနိုင်သည်။
လက်ရှိအချိန်တွင် ULA/AA ၏ ဖွဲ့စည်းပုံများအား လျှို့ဝှက်ထားရှိရာ အပြည့်အစုံသိရန် မလွယ်ကူသေးပေ။ မြေပြင်သတင်းများအရ အယ်လ်ဖါ၊ ဘီတာ၊ နိုဗာ ဟူသောအမည်များဖြင့် စစ်ဒေသများ ဖွဲ့စည်းထားပြီး စစ်ဒေသ ၇ ခုမှ ၉ ခုအထိ ဖွဲ့ထားနိုင်သည်ဟု ခန့်မှန်းရသည်။ စစ်ဒေသတခုချင်းအား စစ်ဒေသမှူးတဦးစီက ကွပ်ကဲသည်။ စစ်ဒေသအောက်တွင် ဗျူဟာနှင့် တပ်ရင်းများ အဆင့်ဆင့်ဖွဲ့စည်းထားသည်။ ဗျူဟာနှင့်တပ်ရင်းများက သတ်မှတ်ထားသော ဂွင်အလိုက် စစ်ရေးတာဝန်ယူသည်။ စစ်ဒေသတိုင်းတွင် နိုင်ငံရေးမှူး၊ ဒုနိုင်ငံရေးမှူးများ ခန့်အပ်ထားပြီး ၎င်းတို့က ဒေသအုပ်ချုပ်ရေးတာဝန်ယူသည်။ စစ်ဒေသအရွယ်အစားကိုလိုက်၍ နယ်မြေ ၃ ခု/ ၅ ခု စသဖြင့်ဖွဲ့စည်းထားပြီး နယ်မြေမှူးများအား လေ့ကျင့်ခန့်အပ်ထားသည်။ နယ်မြေမှူးများအောက်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ထားရှိသည်။ စစ်ဒေသများအပြင် တပ်မဟာ ၃ ခုသီးခြားဖွဲ့ထားသည်ဟု မြေပြင်သတင်းများအရသိရသည်။ ဗဟိုကကိုင်သည့် လှုပ်ရှားတပ်မဟာများ ဖြစ်ပုံရသည်။ အဆိုပါ စစ်ဒေသနှင့်တပ်မဟာများအောက်တွင် တပ်ရင်း ၅၀ ခန့်ဖွဲ့စည်းထားနိုင်သည်ဟု မြေပြင်သတင်းများပေါ်အခြေခံ၍သုံးသပ်ရပါသည်။
ဒေသအုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး ၂၀၂၀ အပစ်ရပ်ထားသည့်ချိန်မှစ၍ လေ့ကျင့်ဖွဲ့စည်းမှုများပြုလုပ်နေသည်ဟု ကြားသိရသည်။ ဒေသအုပ်ချုပ်ရေးအား အထောက်အကူပြုရန် ရဲအင်အား ၅၀၀၀ ခန့်အားလည်း လေ့ကျင့်ပြီးစီးပြီဟု မြေပြင်သတင်းများအရသိရသည်။ ဒေသအုပ်ချုပ်ရေး၊ တရာစီရင်ရေး၊ အခွန်ကောက်ခံရေးတို့ စတင်လုပ်ဆောင်နေပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုစီပွါး၊ လယ်ယာသစ်တောကဏ္ဍများအား ဆက်လက်ကိုင်တွယ်နိုင်ရန်ပြင်ဆင်နေသည်ဟု ဆိုပါသည်။
လက်ရှိ AA တပ်ဖွဲ့အင်အားစုစုပေါင်းမှာ တိုက်ခိုက်ရေး၊ အုပ်ချုပ်ရေး၊ ရဲ ၊နောက်တန်းဌာနများ အပါအဝင် စုစုပေါင်းအင်အား ၃၀၀၀၀ ခန့်ရှိနိုင်သည်ဟု မြေပြင်သတင်းများအရ သုံးသပ်ရပါသည်။ လက်နက်ခဲယမ်းအခြေအနေကိုတော့ သိရှိနိုင်ခြင်းမရှိပါ။ AA တပ်ဖွဲ့များသည် အများစု ရခိုင်တွင်ရှိနေသော်လည်း အချို့အင်အားများသည် KIA နှင့် KNU ဒေသများတွင်လည်း ရှိနေသေးသည်ဟုဆိုပါသည်။ လက်ရှိရခိုင်တွင် AA တပ်ဖွဲ့တွင်းသို့ဝင်ရောက်လိုသည့် လူငယ်အများရှိနေပြီး သင်တန်းတက်ရန် တန်းစီစောင့်ဆိုင်းနေကြသည်ဖြစ်ရာ AAအတွက်တပ်သား ရေသောက်မြစ် ကောင်းစွာရှိနေသည်။
ဘဏ္ဍာရေးအခြေအနေ
လက်ရှိ AA သည် သူ၏တပ်ဖွဲ့ဝင်များအား စစ်ဝတ်စုံကောင်းစွာတပ်ဆင်ပေးထားနိုင်သည်။ ရိက္ခာကောင်းစွာ ထောက်ပံ့ထားနိုင်သည်။ မြင်သာထင်သာရှိသော တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံတပ်ဆင်ထားနိုင်သည်ဖြစ်ရာ ဘဏ္ဍာရေးအခြေအနေ ကောင်းမွန်သည်ဟုဆိုရမည်။ AA တပ်ဖွဲ့အား ထောက်ခံအားပေးသော ရခိုင်ပြည်နယ်တွင်း ၊ ပြည်နယ်ပနှင့် နိုင်ငံရပ်ခြားမှ ရခိုင်တို့၏ လစဉ်ထောက်ပံ့မှုက AA အတွက် တအားဖြစ်သည်။ ထို့ပြင် အချို့စီးပွါးရေး လုပ်ငန်းများ ထူထောင်ထားပုံရပါသည်။
တပ်ပေါင်းစု
AA ထူထောင်ရာတွင် KIA ၏ အကူအညီပေးမှုသည် အရင်းခံဖြစ်ပေရာ KIA သည် AA ၏ အခြေခံမဟာမိတ်ဖြစ်သည်။ ၂၀၁၇ မှစ၍ မြောက်ပိုင်းနိုင်ငံရေးမဟာမိတ် ၇ ဖွဲ့တွင်ပါဝင်သည့်အပြင် TNLA / MNDAA တို့နှင့် စစ်ရေးမဟာမိတ်ဖွဲ့စည်းထားသည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့အတွင်း AA နှင့် UWSA တို့ကြား ရင်းနှီးသည့်ဆက်ဆံရေးရှိပါသည်။
အစိုးရ/တပ်နှင့်ဆက်ဆံရေး
၂၀၁၅ ခုနှစ် NCA ထိုးရာတွင်ပါဝင်ခွင့်ပြုရန် အစိုးရ/တပ်၏ငြင်းပယ်ခြင်းခံရသည်။ တပ်ဖျက် လက်နက်အပ်ရန်တောင်းဆိုခံရသည်။ ပထမအကြိမ် ပင်လုံညီလာခံတက်ရောက်ရေး ညှိနှိုင်းခြင်း အဆင်မပြေခဲ့ပါ။ တရုတ်၏ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ဒုတိယ/တတိယ ပင်လုံညီလာခံအား မြောက်ပိုင်း ၇ ဖွဲ့နှင့်အတူတက်ရောက်ခဲ့သည်။ ၂၀၁၈ နှစ်ကုန်တွင် ငြိမ်းချမ်းရေး ကော်မရှင် ( NRPC ) က တွေ့ဆုံ ဆွေးနွေးရန် သဘောတူခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း မြောက်ပိုင်း ၄ ဖွဲ့နှင့်အတူ အပစ်ရပ်ရေး ၆ ကြိမ်ခန့်ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရခဲ့ပါ။ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲကာလတွင် နိပွန်ဖေါင်ဒေးရှင်းဥက္ကဌမစ္စတာ ဆာဆာကာဝါ၏ ညှိနှိုင်းမှုဖြင့် AA နှင့် တပ် ကြား အပြန်အလှန်ကြေညာချက်ထုတ်ပြန်ပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှစ၍ ယနေ့တိုင် အပစ်အခတ်ရပ်စဲခဲ့သည်။ သို့သော်လည်း နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသည့်အနေအထားသာဖြစ်နေဆဲဖြစ်ပြီး ၆ လခန့်ကြာမြင့်ပြီဖြစ်သော်လည်း တရားဝင်ဆွေးနွေးပွဲပြုလုပ်နိုင်ခြင်းမရှိသေးပါ။ နစအ ကောင်စီအာဏာရယူပြီးနောက် AA အား အကြမ်းအဖွဲ့ကြေညာထားခြင်းအား ဖျက်သိမ်းပေးခဲ့သည်။ မည်သို့ဆိုစေ AA ၏နိုင်ငံရေးရည်မှန်းချက်အောင်မြင်ရေးအတွက် စားပွဲဝိုင်းပေါ်ကနိုင်ငံရေးဆွေးနွေးမှုသည်လည်း လမ်းစတခုဖြစ်နေဆဲဖြစ်သည်။
ပြည်ပဆက်ဆံရေး
မြောက်ပိုင်းအဖွဲ့များနည်းတူ တရုတ်နှင့်ဆက်ဆံရေးကောင်းသည်ဟု သုံးသပ်ရသည်။ သို့သော် AA အခြေစိုက်ရာ ရခိုင်ပြည်နယ်သည် အခြားမြောက်ပိုင်းအဖွဲ့များကဲ့သို့ တရုတ်နယ်စပ်တွင်မရှိဘဲ အနောက်ဖက်ပင်လယ်ကမ်းရိုးတန်းတွင်ရှိရာ အခြားအင်အားကြီးနိုင်ငံများကလည်း အားကောင်းမောင်းသန်ရှိလာသည့် AA အား စိတ်ဝင်တစားအကဲခတ်စောင့်ကြည့်နေကြသည်။
နိုင်ငံရေး/စစ်ရေး
ULA/AA ၏ နိုင်ငံရေးလမ်းစဉ်မှာ ရက္ခိတလမ်းစဉ် ဟုဆိုသည့် ရခိုင်အမျိုးသားရေးအလံလွှင့်ထားသည်။ အနိမ့်ဆုံး ” ဝ ” ပုံစံကွန်ဖက်ဒရိတ်အဆင့်အတန်းလိုချင်သည်ဟု အတိအလင်းဆိုထားသည်။ လက်ရှိကာလတွင် ULA/AA သည် ရခိုင်နိုင်ငံရေးတွင် အရေးပါသော အဆုံးအဖြတ်ပေးနိုင်သောအခန်းတွင်ရှိသည်။ မြေပေါ်ဥပဒေတွင်း ရခိုင်ပါတီများ၏ ဩဇာကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ထို့ပြင် လက်ရှိ ULA/AA ၏ အုပ်ချုပ်ရေးဩဇာအာဏာသည် ၎င်းတို့ ထိန်းချုပ်ထားရာဒေသများတွင် ထိရောက်မှုရှိနေပြီး လောလောဆယ် ရခိုင်တွင် အစိုးရ နှစ်ရပ်ရှိနေသည့်ပုံစံကိုတွေ့မြင်နေရသည်။
စစ်ရေးအရ အရှေ့မြောက်တွင်၎င်း၊ ရခိုင်ပြည်နယ်တိုက်ပွဲများတွင်၎င်း စစ်ရေး အစွမ်းအစပြနိုင်သည်။ စခန်းသိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲ၊ ခံစစ်တိုက်ပွဲများတိုက်ခိုက်နိုင်သည့်အပြင် ပြောက်ကျားလှုပ်ရှားမှုများ ကျယ်ပြန့်စွာလှုပ်ရှားနိုင်သည်ကိုတွေ့ရသည်။ လက်ရှိရခိုင်တွင် အပစ်အခတ်ရပ်နေသော်လည်း အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်သည့်အခြေအနေတွင်ရှိသည်။ လက်ရှိ ကချင်ပြည်ရှိ AA တပ်ဖွဲ့များသည် တိုက်ပွဲများတွင် KIA နှင့်အတူ သိုသိုသိပ်သိပ် ပါဝင်တိုက်ခိုက်နေသည်ဟူသည့် သတင်းများထွက်ပေါ်နေသည်။ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းနိုင်ခြင်းမရှိပါက ရခိုင်တွင် တကျော့ပြန်စစ်ပွဲသည် ၂၀၁၉ /၂၀၂၀ ကာလစစ်ပွဲထက် ပို၍ရက်စက်ပြင်းထန်ဖွယ်ရှိပါသည်။ ရခိုင်ပြည်နယ်နှင့် ရခိုင်လူ့အဖွဲ့အစည်းတို့သည် အခြားပြည်နယ်များထက်နှိုင်းယှဉ်လျှင် ပို၍ သီးခြားဆန်သော ထူးခြားမှုရှိသည်ကို တွေ့ရသည်။။သို့ဖြစ်ရာ အာရကန်အိပ်မက် နှင့် ULA/AA ၏ ရှေ့အလားအလာသည် စိတ်ဝင်စားဖွယ် အခင်းအကျင်းသစ်တရပ်အနနှင့် တွေ့ရနိုင်သည်။ ပြင်းထန်သော ပေါက်ကွဲမှုတရပ်အဖြစ်လည်းတွေ့ရနိုင်ပေသည်။
